သားအိမ်ပြင်ပ သန္ဓေတည်ခြင်းဆိုတာ
သားအိမ်ပြင်ပ သန္ဓေတည်ခြင်းဆိုတာက သားအိမ်အတွင်းမှာ မဟုတ်ဘဲ သားအိမ်အပြင်ဘက်မှာ သန္ဓေအောင်ပြီး သန္ဓေတည်တာမျိုးပါ။ များသောအားဖြင့်ကတော့ သားအိမ်ပြင်ပ သန္ဓေတည်တာက သားပြွန်မှာ သန္ဓေ အတည်များပါတယ်။ ဖြစ်တောင့် ဖြစ်ခဲကတော့ မျိုးဥအိမ်၊ ဝမ်းဗိုက် နဲ့ သားအိမ်ခေါင်းလို နေရာမျိုးမှာပါ။
သားအိမ်ပြင်ပမှာ သန္ဓေတည်တာက သန္ဓေသား ဆက်လက် ကြီးထွားဖို့ မဖြစ်နိုင်ပါဘူး။ အကြောင်းကတော့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေထဲမှာ သားအိမ်တစ်ခုကသာ သန္ဓေသားလောင်းကို ကြီးထွားစေဖို့ ထောက်ကူပေးနိုင်တာကြောင့်ပါ။
သားအမ်ပြင်ပမှာ သန္ဓေတည်တာက အသက်အန္တရာယ်ကို ထိခိုက်စေနိုင်ပြီး သားဥပြွန် ကွဲထွက်တာမျိုး ဖြစ်စေနိုင်သလို သွေးအလွန်အကျွံ ထွက်တာ၊ ပိုးဝင်ကူးစက်တာမျိုးလည်း ဖြစ်စေနိုင်ပါတယ်။ အခန့်မသင့်ရင် သေဆုံးသည်အထိ ပြင်းထန်နိုင်တာကြောင့် သားအိမ်ပြင်ပမှာ သန္ဓေတည်တာက အရေးပေါ် ဆေးကုသမှု လိုအပ်တဲ့ အခြေအနေမျိုးပါ။
သားအိမ်ပြင်ပ သန္ဓေတည်ခြင်းက ဘယ်လိုနေရာတွေမှာ ဖြစ်နိုင်လဲ
သားအိမ်ပြင်ပမှာ သန္ဓေတည်တယ်ဆိုတာက မျိုးဥက သားအိမ်ထဲမှာ မဟုတ်ဘဲ သားအိမ်ပြင်ပမှာ သန္ဓေအောင်သွားတာမျိုးပါ။ ပုံမှန်အားဖြင့်ကတော့ မမျိုးဥက မျိုးဥအိမ်ကနေ ဆင်းတာပြီး သားအိမ်နံရံမှာ တွယ်ကပ်လို့ သန္ဓေအောင်ရမှာ ဆိုပေမယ့် သားအိမ်ပြင်ပ သန္ဓေတည်ခြင်းမှာတော့ မမျိုးဥက သားအိမ်ကနေ အလှမ်းကွာတဲ့ နေရာတစ်နေရာရာမှာ သန္ဓေအောင်ပြီး သားအိမ်ပြင်ပ နေရာမှာ သန္ဓေတည်တာမျိုးပါ။
သားအိမ်အပြင်မှာ သန္ဓေတည်တာက ကိုယ်ဝန်ဆောင် အမျိုးသမီး ၁၀၀ မှာ ၂ ယောက်လောက်မှာ ဖြစ်နိုင်ခြေ ရှိပါတယ်။
ဘယ်လို လက္ခဏာတွေ တွေ့ရနိုင်လဲ
သားအိမ်ပြင်ပမှာ သန္ဓေတည်တဲ့အခါ
- သွေးဆင်းတာ
- ဗိုက်အောက်ဖက်နားက နာကျင်တာ
- ဆီးခုံးတဝိုက် နာကျင်တာ
- ခါးနာတာ
- အားနည်းပြီး မူးဝေတာ
- မအီမသာဖြစ်တာမျိုးတွေကို ခံစားရနိုင်ပါတယ်။
တကယ်လို့ သားအိမ်ပြင်ပသန္ဓေတည်တာကြောင့် သားဥပြွန် ကွဲထွက်သွားတာမျိုး ဖြစ်မယ်ဆိုရင်တော့ နာကျင်ပြီး သွေးဆင်းတာနဲ့အတူ
- သတိလစ်တာ
- သွေးပေါင်ကျတာ
- ပခုံးနာတာ
- စအိုမှာဖိအားသက်ရောက်မှု များပြီး ဝမ်းသွားတဲ့ အလေ့အထ ပြောင်းလဲတာလိုမျိုး ခံစားရနိုင်ပါတယ်။
ဒီလို အခြေအနေတွေ ခံစားရမယ်ဆိုရင် အမြန်ဆုံး ကုသမှု ခံယူဖို့ လိုပါမယ်။
သားအိမ်ပြင်ပမှာ သန္ဓေတည်တာက ဖြစ်ခဲပေမယ့် ဖြစ်လာခဲ့ရင်လည်း သေချာလေး ကုသမှု ခံယူဖို့ လိုပါမယ်။
မွန်မွန်